ပိုကာလောကမှာ လူသိများတဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ပိုကာဆိုတာ “ပြင်းထန်တဲ့ ဖိအားတွေကြားထဲမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်ခြင်း” ပဲဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ပိုကာပွဲတစ်ခုမှာ အနိုင်ရဖို့ဆိုတာ လက်ထဲက ကတ်တွေကောင်းနေရုံနဲ့တင် မလုံလောက်သေးဘဲ ဗျူဟာမြောက် လှည့်စားနိုင်စွမ်း (Bluffing) ရှိဖို့လည်း လိုအပ်ပါတယ်။
ဒီနေရာမှာ တစ်ခုသတိပြုရမှာက လှည့်စားတယ်ဆိုတာ မရိုးမသား ကလိမ်ကျပြီးဆော့ကစားတာ (Cheating) မျိုး မဟုတ်ပါဘူး။ ဒါဟာ စိတ်ပညာနဲ့ ပြိုင်ပွဲအခြေအနေကို အသုံးချတဲ့ အဆင့်မြင့် ဗျူဟာတစ်ခုသာ ဖြစ်ပါတယ်။
ဒါဆိုရင် ပိုကာပွဲတွေမှာ နည်းလမ်းတကျ လှည့်စားပြီး အနိုင်ရလဒ်တွေကို ဘယ်လိုဖော်ဆောင်မလဲဆိုတာကို သမိုင်းထဲက တကယ့်ဖြစ်ရပ်မှန် ကစားပွဲတွေနဲ့အတူ ရှင်းပြပေးသွားမှာလို့ အဆုံးထိဖတ်ရှုလိုက်ရအောင်။
2. လှည့်စားခြင်းဆိုတာဘာလဲ?
လှည့်စားတယ်ဆိုတဲ့စကားလုံးက လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ပိုကာလောကမှာတော့ ဒါဟာ အနုပညာနဲ့ စိတ်ပညာကိုပေါင်းစပ်ထားတာဖြစ်လို့ သိမ်မွေ့ပြီးနက်နဲပါတယ်။ ပိုကာမှာ လှည့်စားခြင်းရဲ့ အဓိပ္ပါယ်ကို အကြမ်းဖျင်းဖွင့်ဆိုရရင် (၂) မျိုး ခွဲခြားနိုင်ပါတယ်။
- Pure Bluff လို့ခေါ်တဲ့ ကတ်မကောင်းဘဲ ကောင်းသလိုဟန်ဆောင်တာနဲ့
- Slow Play/ Trapping လို့ခေါ်တဲ့ ကတ်ကောင်းနေပေမယ့် အားနည်းနေသလိုဟန်ဆောင်ပဲ ဖြစ်ပါတယ်။
ဒီလှည့်စားမှု ဗျူဟာတွေအောင်မြင်ဖို့ဆိုတာ မိမိရဲ့ ကတ်တစ်ခုတည်းအပေါ်မှာ မူတည်နေတာမဟုတ်ပါဘူး။ ပြိုင်ဘက်တွေရဲ့အပြုအမူ၊ ကစားပွဲရဲ့ အနိမ့်မြင့်အတက်အကျစည်းချက်နဲ့ အချိန်ကိုက်တုံ့ပြန်မှု(Timing) စတဲ့ အချက်တွေပေါ်မူတည်ပြီး စနစ်တကျ အသုံးပြုရတာဖြစ်ပါတယ်။
3.1 ဖြစ်ရပ်မှန် ၁ - Chris Moneymaker ရဲ့လှည့်စားမှု
၂၀၀၃ ခုနစ်မှာတော့ ပိုကာလောကကို ကိုင်လှုပ်စေမယ့် အဖြစ်အပျက်တစ်ခု WSOP (World Series of Poker) ပြိုင်ပွဲမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအချိန်က Chris Moneymaker ဆိုတဲ့ ကောင်လေးက အွန်လိုင်းကနေတစ်ဆင့် ခြေစစ်ပွဲအောင်မြင်လာတဲ့ အပျော်တမ်းကစားသမား တစ်ဦးပါ။ ဒါပေမယ့်သူဟာ ဝါရင့်ပိုကာကစားသမား Sam Farha နဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။
ပွဲရဲ့အဆုံးအဖြတ်ပေးမယ့်အခိုက်အတန့် River ( Board ပေါ်ဝေတဲ့နောက်ဆုံးကတ် ) လှန်တဲ့အချိန်မှာ သူက Bluffing ပြုလုပ်ခဲ့တာပါ။ သူမသိခဲ့တာ သူရွှေ့လိုက်တဲ့အကွက်ဟာ သမိုင်းဝင်လှည့်စားမှုမှတ်တမ်း တစ်ခုဖြစ်လာခဲ့မယ်ဆိုတာပါ။ သူ့လက်ထဲမှာ ကတ်ကောင်းမရှိပါဘူး။
အကြီးဆုံးက King တစ်ကတ်ပဲရှိပါတယ်။ အဲ့ဒီအချိန်ပြိုင်ဘက် Farha ဆီမှာတော့ 9 Pair အတွဲတစ်တွဲရှိနေခဲ့ပါတယ်။ ဒါကြောင့် Moneymaker ဟာ ကတ်မကောင်းပေမယ့် ပြိုင်ဘက်ကို ဖိအားပေးဖို့ All-In လိုက်ပါတယ်။ Farha ဟာ Moneymaker ထက် ပိုသာတဲ့ ကတ်တွေကို ကိုင်ထားပေမယ့် မိနစ်အတော်ကြာအောင် စဉ်းစားပြီးနောက်မှာတော့ Moneymaker ရဲ့ ဟန်ချက်ကို မယှဉ်နိုင်ဘဲ ကတ်တွေကိုပစ်ခဲ့ (Fold) ရပါတယ်။ ဒီသမိုင်းဝင် Bluff တစ်ခုတည်းကပဲ ပွဲရဲ့ အရှိန်အဟုန်ကို ပြောင်းလဲပစ်ခဲ့ပြီး နောက်ဆုံးမှာ Moneymaker က ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။
3.2 ဖြစ်ရပ်မှန် ၂ - A Chip & A Chair ပေါ်ပေါက်လာပုံ
၁၉၈၂ ခုနှစ် WSOP ဗိုလ်လုပွဲမှာတော့ ပိုကာလောကရဲ့ အကျော်ကြားဆုံး အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကစားသမား Jack Straus ဟာ ပွဲအတွင်းမှာ သူ့ရဲ့ အကြွေစေ့ (Chips) တွေအားလုံး ကုန်သွားပြီလို့ ထင်မှတ်ပြီး ပြိုင်ပွဲကနေ ထွက်ခွာဖို့ ပြင်ဆင်ခဲ့တဲ့အချိန်။ ဒါပေမဲ့အဲ့အချိန်မှာ မမျှော်လင့်ဘဲ သူ့ရဲ့ အဝတ်အစားတွေကြားထဲမှာ ချစ်ပ်ပြားလေး တစ်ပြားတည်း ကျန်နေတာကို ရှာတွေ့ခဲ့ပါတယ်။
လက်လျှော့လိုက်ရမယ့်အစား Straus ဟာ အဲ့ဒီ ချစ်ပ်ပြားလေးတစ်ပြားကို အခြေခံပြီး စွန့်စားမှုအပြည့်ရှိတဲ့ Bluffing (လှည့်စားမှု) တွေကို ဆက်တိုက်အသုံးချခဲ့ပါတယ်။ သူ့မှာ ချစ်ပ်ပြားအနည်းငယ်သာ ရှိတော့တဲ့အတွက် ပုံမှန်ကစားရုံနဲ့ အနိုင်ရဖို့ မဖြစ်နိုင်တာကို သူသိပါတယ်။ ဒါကြောင့် သူဟာ အရေးကြီးတဲ့ အလှည့်တိုင်းမှာ "ကိုယ့်မှာ အကောင်းဆုံးကတ်တွေ ရှိနေတယ်" ဆိုတဲ့ ပုံစံမျိုးကို အရဲစွန့်ပြီး ဟန်ဆောင်ပြခဲ့ပါတယ်။
ပြိုင်ဘက်တွေကလည်း Straus ရဲ့ တည်ငြိမ်ပြီး အားကောင်းတဲ့ တိုက်စစ်ဆင်မှုတွေကြောင့် သူတို့ရဲ့ ပိုသာတဲ့ကတ်တွေကိုတောင် မလောင်းရဲဘဲ ဖျောက်ပစ်ခဲ့ကြပါတယ်။ ဒီလိုမျိုး Perfect Bluffs (ပြီးပြည့်စုံတဲ့ လှည့်စားမှုများ) ကနေတစ်ဆင့် ချစ်ပ်ပြားတွေကို တဖြည်းဖြည်း ပြန်လည်စုဆောင်းနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ မဖြစ်နိုင်ဘူးလို့ အားလုံးက ထင်မှတ်ထားတဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပိုကာလောကမှာ “A Chip and a Chair” ဆိုတဲ့ စကားပုံဟာ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့အတူ Bluffing အနုပညာရဲ့ အစွမ်းထက်ပုံကို ပြယုဂ်တစ်ခုအဖြစ် ဒီနေ့အထိ တည်ရှိနေတာ ဖြစ်ပါတယ်။
3.3 ဖြစ်ရပ်မှန် ၃ - စနစ်တကျတွက်ချက်ထားသော လှည့်စားမှုတစ်ခု
တတိယမြောက် ဥပမာအဖြစ် ပိုကာလောကရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ဦးလို့ သတ်မှတ်ခံရတဲ့ Phil Ivey အကြောင်းကို ဖော်ပြချင်ပါတယ်။ Ivey ရဲ့ ထူးခြားချက်ကတော့ တခြားသူတွေလို သိသာလွန်းတဲ့ လှည့်စားမှုတွေ (Flashy Bluffs) ကို အသုံးမပြုဘဲ၊ တိကျသေချာပြီး တွက်ချက်ထားတဲ့ တိုက်စစ်ဆင်မှု ကိုသာ အသုံးပြုတာ ဖြစ်ပါတယ်။
အဆင့်မြင့် ပြိုင်ပွဲကြီးတွေမှာ Ivey ဟာ အားနည်းတဲ့ကတ်တွေကို ကိုင်ထားပေမယ့် ကြီးမားတဲ့ လောင်းကြေးတွေကို တည်တည်ငြိမ်ငြိမ် အသုံးပြုပြီး ဝါရင့်ပြိုင်ဘက်တွေကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရအောင် ဖိအားပေးလေ့ရှိပါတယ်။ သူရဲ့ Bluff တွေ အောင်မြင်ရတဲ့ လျှို့ဝှက်ချက်ကတော့ Consistency ပါပဲ။
Ivey ဟာ ကတ်ကောင်းတာပဲဖြစ်ဖြစ်၊ ကတ်မကောင်းတာပဲဖြစ်ဖြစ် သူ့ရဲ့ လောင်းကြေးပုံစံနဲ့ မျက်နှာအမူအရာက အမြဲတမ်း တစ်ပုံစံတည်း ရှိနေတတ်ပါတယ်။ ဒီလို တည်ငြိမ်မှုကြောင့် ပြိုင်ဘက်တွေအနေနဲ့ သူတကယ်ကတ် ကောင်းနေတာလား၊ လှည့်စားနေတာလားဆိုတာကို လုံးဝ ခန့်မှန်းလို့မရအောင် လုပ်နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ ဒါဟာ Bluffing ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ "ပြိုင်ဘက်ကို ဝေခွဲမရအောင် ဖန်တီးခြင်း" ပင် ဖြစ်ပါတယ်။
3.4 ဖြစ်ရပ်မှန် ၄ - ပိုကာပါရမီရှင် Tom Dwan
အွန်လိုင်းပိုကာလောကကနေ ထွက်ပေါ်လာတဲ့ ပါရမီရှင် Tom Dwan ဟာ ပိုကာကစားပွဲတွေမှာ ဆက်တိုက်ဖိအားပေးမှုတွေ၊ ရဲတင်းလွန်းတဲ့ လှည့်စားမှုတွေကြောင့် နာမည်ကျော်ကြားလာခဲ့ပါတယ်။ High-stakes ပွဲကြီးတွေမှာ Dwan ဟာ ကမ္ဘာ့အဆင့်မီ ကစားသမားတွေကိုတောင် သူတို့ရဲ့ အကောင်းဆုံးကတ်တွေ ပစ်သွားအောင် (Fold) လုပ်နိုင်စွမ်း ရှိပါတယ်။
သူ့ရဲ့ နည်းဗျူဟာကတော့ လောင်းကြေးအဆင့်ဆင့်ကို အစီအစဉ်တကျနဲ့ မြှင့်တင်သွားပြီး ပြိုင်ဘက်ကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံရတော့မလို ခံစားရအောင် ဖန်တီးတာ ဖြစ်ပါတယ်။ Dwan ဟာ ဝါရင့်ပညာရှင်တွေတောင် "ငွေကြေးအမြောက်အမြား ဆုံးရှုံးရမှာကို ကြောက်ရွံ့တတ်တယ်" ဆိုတဲ့အချက်ကို ကောင်းကောင်း နားလည်ထားပုံရပါတယ်။
သူဟာ ကစားပွဲအစကနေ အဆုံးအထိ ခိုင်လုံတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးပြလေ့ရှိပါတယ်။ ဆိုလိုတာက သူ့ရဲ့ လောင်းကြေးပုံစံဟာ တကယ်ပဲ ကတ်ကောင်းနေတဲ့သူတစ်ယောက်လို ဟန်မပျက် ကစားပြနိုင်တာကြောင့် ပြိုင်ဘက်တွေအနေနဲ့ "ကတ်ဖျောက်လိုက်တာကသာ အန္တရာယ်အကင်းဆုံး" ဆိုတဲ့ အတွေးမျိုးဝင်အောင် ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စိတ်ပညာကို အသုံးချပြီး ပြိုင်ဘက်ရဲ့ ကြောက်စိတ်ကို ကစားတာပဲ ဖြစ်ပါတယ်။
4. လှည့်စားမှုတွေက ဘယ်အချိန်မှာအောင်မြင်ပြီး ဘယ်အချိန်မှာ ကျရှုံးကြလဲ?
4.1 Bluffing အောင်မြင်နိုင်ခြေရှိသော အခြေအနေများ-
- ပြိုင်ဘက် တစ်ဦး သို့မဟုတ် နှစ်ဦးတည်းရှိချိန်မှာ Bluff လုပ်တာက ပိုထိရောက်ပါတယ်။
- ကစားပွဲအစကနေ အဆုံးအထိ ကိုယ့်ရဲ့ လောင်းကြေးပုံစံက ခိုင်လုံတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေခြင်း။
- ကိုယ့်ရဲ့ ဖိအားပေးမှုကို နားလည်ပြီး ကတ်ပစ်တတ်တဲ့ ပြိုင်ဘက်မျိုးကို ရင်ဆိုင်နေရခြင်း။
4.2 Bluffing ကျရှုံးရသည့် အကြောင်းအရင်းများ-
- ခဏခဏ လှည့်စားနေရင် ပြိုင်ဘက်က ရိပ်မိသွားပြီး ကိုယ့်ရဲ့ အားနည်းချက်ကို အသုံးချသွားနိုင်ပါတယ်။
- ဘယ်လိုအခြေအနေမျိုးမှာမဆို ကတ်မပစ်ဘဲ ကစားတတ်တဲ့သူတွေကို Bluff လုပ်ခြင်းက အန္တရာယ်များပါတယ်။
- ဒေါသထွက်လို့ ဒါမှမဟုတ် စိတ်မရှည်လို့ (Emotional Bluff) လုပ်ဆောင်ခြင်း။
- ကိုယ့်ရဲ့ ထိုင်ခုံနေရာ (Position) နဲ့ ကျန်ရှိနေတဲ့ Chips ပမာဏကို ထည့်မတွက်ဘဲ လှည့်စားခြင်း။
သမိုင်းတစ်လျှောက် ဖြစ်ရပ်တွေကို ပြန်ကြည့်ရင် ကျရှုံးခဲ့တဲ့ Bluff တွေဟာ ကံဆိုးလို့ မဟုတ်ဘဲ စိတ်မရှည်မှု နဲ့ တွက်ချက်မှု မှားယွင်းမှုတွေကြောင့်သာ ဖြစ်တာကို တွေ့ရမှာပါ။
4.3 နောက်ဆုံးပိတ် လှည့်စားခြင်း
ဒီအထိဖတ်ပြီးသွားပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။ သင်လည်းလှည့်စားခံလိုက်ရပါပြီ။ ဗျူဟာမြောက်လှည့်စားမှုတစ်ခု ဆိုတာက ကတ်လောကမှာပဲ တည်ရှိတာမဟုတ်ပါဘူး။ နယ်ပယ်အသီးသီးမှာရှိပါတယ်။ သင့်ကိုလည်း ကျွန်တော့်အနေနဲ့ စာကို အဆုံးထိဖတ်စေချင်လို့ သမိုင်းဥပမာတွေ၊ စာဖတ်ချင်လာအောင် ဆွဲဆောင်မှုတွေသုံးပြီး စနစ်တကျ လှည့်စားခဲ့ပါတယ်။
ဒါကြောင့် လှည့်စားခြင်းဆိုတာ လူတွေရဲ့ စိတ်နေစိတ်ထားကို ဖတ်နိုင်စွမ်း၊ အခြေအနေကို တွက်ချက်နိုင်စွမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေ ပေါင်းစပ်ထားတဲ့ ဗျူဟာမြောက် အနုပညာ တစ်ရပ် ဖြစ်ပါတယ်။ Chris Moneymaker ရဲ့ ရဲတင်းမှု၊ Jack Straus ရဲ့ ဇွဲရှိမှု၊ Phil Ivey ရဲ့ တည်ငြိမ်မှုနဲ့ Tom Dwan ရဲ့ ဖိအားပေးနိုင်မှုတွေကနေတစ်ဆင့် Bluffing ဟာ ရှုံးနေတဲ့ပွဲကို အနိုင်ပြောင်းလဲပေးနိုင်တဲ့ အစွမ်းထက်လက်နက်ဖြစ်ကြောင်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။
သို့သော် အောင်မြင်တဲ့ ကစားသမားတိုင်းဟာ အချိန်တိုင်း လှည့်စားနေကြတာ မဟုတ်ပါဘူး။ သူတို့ဟာ ဘယ်အချိန်မှာ တိုက်စစ်ဆင်ရမလဲ၊ ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲဆိုတာကို ကျွမ်းကျင်စွာ ဆုံးဖြတ်နိုင်သူတွေသာ ဖြစ်ပါတယ်။
ပိုကာဝိုင်းမှာပဲဖြစ်ဖြစ်၊ လက်တွေ့ဘဝရဲ့ စိန်ခေါ်မှုတွေမှာပဲဖြစ်ဖြစ် မှန်ကန်တဲ့ဗျူဟာ၊ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အချိန်ကိုက်လုပ်ဆောင်မှုတွေကသာ သင့်ကို အောင်မြင်သူတစ်ဦး ဖြစ်လာစေမှာပါ။ ဒါကြောင့် နောက်တစ်ကြိမ် သင် ပိုကာကစားတဲ့အခါ ဒါမှမဟုတ် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချရတဲ့အခါ မိမိလက်ထဲက ကတ်တွေကိုပဲ ကြည့်မနေပါနဲ့။ ပြိုင်ဘက်ရဲ့ စိတ်ပညာနဲ့ အခြေအနေအရပ်ရပ်ကိုပါ ထည့်သွင်းစဉ်းစားဖို့ မမေ့ပါနဲ့။
အောင်မြင်ပြီး ပွဲတိုင်းနိုင်တဲ့ ပိုကာကစားသမားတွေဖြစ်လာပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ရပါတယ်။